Wednesday, January 9, 2008

မိခင်ကျေးဇူး

မိခင်ကျေးဇူး ဂုဏ်ထွေထူး ဖော်ကျူးပူးဇော် သာဓုခေါ်စို့

စာရေးဆရာ အောင်တင်ဝင်း(ငါ့သရောက်)အမေနေ့(မန္တလေး)ဖိတ်ကြားနှိုးဆော်ခြင်း

မန္တလေးနေ့စဉ် နှိုးဆော်စာကို ထပ်မံပူဇော် ဖော်ပြအပ်ပါသည်။ icefirester

မန္တလေး အမေနေ့ဖြစ်မြောက်ရေးအဖွဲ့သည် (၁၂)ကြိမ်မြောက် မန္တလေးအမေနေ့
အခမ်းအနားကို ဇန်န၀ါရီလ ၂၂ရက် (ပြာသိုလပြည့်နေ၊အင်္ဂါနေ့)တွင် မန္တလေး ချမ်းအေးသာစံမြို့နယ် ၊အောင်နန်းရိပ်သာအနောက် ရပ်ကွက်၊ လမ်း ၃၀နှင့် ၃၁လမ်းကြား၊ ၈၅လမ်းနှင့်၈၆လမ်းကြားရှိ မဟာသကျသီဟမြတ်စွာဘုရားပရိဝုဏ်အတွင်းရှိ ဝေဇယန္တဓမ္မဗိမာန် တော်ကြီး တွင် သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်၏ တရားဝင်ခွင့်ပြုချက်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၎င်းနေ့ နံနက်၉နာရီမိနစ်၃၀တွင် အခမ်းအနားကျင်းပမည့် ယင်းဓမ္မဗိမာန်တော်သို့ သံဃာတော်၁၁ပါးတို့အားပင့်၍ဆွမ်း၊သင်္ကန်းလှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်းခြင်း၊ သံဃာတော် အရှင်သူမြတ်တို့ဟောကြားတော်မူသောတရားတော် များကိုနာယူခြင်း၊ အမေအားလုံးတို့အားအမှုထား၍ ဝေနေယျသတ္တ၀ါ အပေါင်းတို့အား အမျှအတမ်းပေးဝေးခြင်း၊ ၎င်းနေ့မွန်းလွဲ ၁နာရီအချိန်တွင် အဆိုပါသာသနာ့ဗိမာန်တော်ကြီး၌ပင် အမျိုးသားစာပေဆုရ စာရေးဆရာလယ်တွင်းသား စောချစ်နှင့် အမေနေ့ဗိသုကာကြီး ဘဘဦးသုခ၏ သားတပည့် စာရေးဆရာ ဒါရိုက်တာမောင်နှင်းမိုးတို့က အမေ့ကျေးဇူး၊ အမေ့ဂုဏ်ရည်များကို ချီးကျူးပူးဇော်ဟောပြောသွားမည် ဖြစ်ပါသည်။

ထို့နောက် မန္တလေးအမေနေ့ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးဖုန်းမြင့်(စာရေးဆရာဖုန်မြင့်အောင်-မန္တလေး) က အဖွဲ့ကိုယ်စား အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ အသင်းအဖွဲ့များသို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဤကမ္ဘာလောကကြီးတွင် သက်ရှိမှန်ပါက `အမေ´သည် မလွဲမသွေရှိကြမည်ဖြစ်ပါသည်။အမေများသည် ကြည်သာ မဆုံးရွှင်အပြုံးဖြင့် နှလုံးရင်သွေး၊၀မ်းလွယ်မွေး၍ နွေးထွေးယုယ၊ လူ့ဘ၀သို့ပို့ခဲ့သော အနန္တကျေးဇူးရှင်များဖြစ်ကြသဖြင့် မြန်မာလူမျိုးများက`မိခင်´`အမေ´ဟုလေးလေးစားစားသတ်မှတ် ခေါ်ဆိုကြပါသည်။ထိုနည်းတူကမ္ဘာပေါ်ရှိ လူမျိုးများသည် ဘာသာအယူဝါဒ၊အသားအရောင်ကွဲပြားခြားနားကြသော်လည်း အမေများ၏ကြီးမားလှသော ဂုဏ်ကျေးဇူးများကြောင့် မြန်မာ လူမျိုးများကဲ့သို့ပင် အမေများအားအထွက်အမြတ်ထား ကြပါသည်။

အမေနေ့ အခမ်းအနားများ ကျင်းပပြုလုပ်မှုနှင့် ပတ်သက်၍ ကမ္ဘာသမိုင်းစာမျက်နှာများကို စိတ်ဝင်စားစွာ လှန်ကြည့်ပါလျှင် `အမေနေ့´ အခမ်းအနားများသည် ဂရိနှင့်ရောမ ယဉ်ကျေးမှု၏ ရှေးဟောင်းနွေဦးပေါက်ပွဲတော်များတွင် ပါဝင်သောမွန်မြတ်သည့် အားလပ်ရက်တစ်ရက်အဖြစ် ပါဝင် ခဲ့သည်ကိုတွေ့ရှိရမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံမှ စာရေး ဆရာမ မစ္စစ်ဂျူလီယာဝါဒ့်ဟောင်းသည် သားသမီးတိုင်းက အမေနေ့ အခမ်းအနားများကျင်းပပြီး အမေများ၏ဂုဏ်ရည်၊ ကျေးဇူးတရားများကို ထုတ်ဖော်ချီးကျူးပူဇော်၍ တက်စွမ်းသမျှပြန်လည်ပေးဆပ်ကြရန် အေဒီ-၁၈၇၂ ခုနှစ်ခန့်က နှိုးဆော် အကြံပြုထင်ပြဆွေးနွေးခဲ့ပါသည်။ မစ္စစ်ဂျူလီယာ သည် ထိုကဲ့သို့ နှိုးဆော်အကြံပြုဆွေးနွေးမတင်ပြမီ ရှေးယခင်နှစ်ပေါင်း များစွာကပင် ၎င်း၏ဇာတိဘော့စတွန်မြို့ရှိ သူမနေအိမ်တွင် အမေနေ့ အခမ်းအနားများကို တစ်ကိုယ်တော်ကျင်းပခဲ့ပါသည်။ ၁၈၈၇ ခုနှစ်သို့ ရောက်သောအခါ တင်တပ်ကီပြည်နယ်မှ ကျောင်းဆရာမတစ်ဦးဖြစ်သူ မေရီဆင်ဆိန်းသည် မစ္စစ်ဂျူလီလယာ၏ အကြံပြုတိုက်တွန်းချက်အတိုင်း အမေနေ့အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပါသည်။၁၉၀၄ ခုနှစ်တွင် အင်ဒီယားနားပြည်နယ်မှ ဖရင့်စ်အီဟဲရင်ကလည်း အမေနေ့ကို ကျင်းပခဲ့ပါသည်။ ၁၉၀၇ခုနှစ်တွင်မူ ဖီလာဒဲလ်ဗီးယားပြည် နယ်မှ မစ္စစ်အင်နားဂျားဗစ်ကလည်း အမေနေ့ အခမ်းအနားများကို ကျယ်ကျယ်ပြန့်ပြန့်ကျင်းပပြုလုပ်နိုင်ရန် အဆိုပြု ခဲ့ပါသည်။ ထိုအဆိုပြုချက်ကို ဖီလာဒဲလ်ဗီးယား ပြည်နယ်ကပင် နှစ်စဉ်နှစ်တိုင်း မေလ၏ ဒုတိယပတ်တနင်္ဂနွေနေ့ကို အမေနေ့အဖြစ် ကျင်းပရန် ဆန္ဒပြုသဘောတူညီခဲ့ပြီး 1908 ခုနှစ် မေ ၁၀ရက် တနင်္ဂနွေနေ့တွင် အမေနေ့ကို အသိအမှတ်ပြု ကျင်းပခဲ့ပါသည်။


Technorati Tags:,,,,

0 comments: